စက်မှုဇုန် အလုပ်သမားများနှင့် နေရပ်ပြန် ရွှေပြောင်း အလုပ်သမားများအား အဓမ္မ စစ်မှုထမ်း ခိုင်းစေခြင်းများအား ရပ်တန့်ရေး နှင့် တနေ့ အလုပ်ချိန် (၈) နာရီအတွက် ဖူလုံသော လုပ်ခလစာ အနည်းဆုံး အခကြေးငွေ (၂၀,၀၀၀)ကျပ် ပေးရန် ယနေ့ ၂၀၂၅ခုနှစ် မေလ(၁)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့တွင် မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM)က အလုပ်သမားအားလုံး၏ ကိုယ်စား တောင်းဆိုသည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်လာသည်။
ကမ္ဘာ့အလုပ်သမားနေ့တွင် မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM)က အလုပ်သမားအားလုံး၏ ကိုယ်စား တောင်းဆိုလိုက်သည့် (၁၀)ချက်အနက် အလုပ်သမားများ၏ လုပ်အားပေါ် မှီတည်ပြီး အမြတ်အစွန်းဖန်တီး ရရှိနေသော စက်ရုံ၊အလုပ်ရုံ လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမားများကို တနေ့ အလုပ်ချိန် (၈) နာရီအတွက် ဖူလုံသော လုပ်ခလစာ အနည်းဆုံး အခကြေးငွေ (၂၀,၀၀၀)ကျပ် ပေးရေး အပါအဝင် အချက်(၅)ချက်ဖြင့် တောင်းဆိုထားသည်။
အဆိုပါ တောင်းဆိုချက် (၅)ချက်မှာ (၁) (အချိန်ပို အလုပ်မပါ) တနေ့ အလုပ်ချိန် ၈ နာရီအတွက် ဖူလုံသောလုပ်ခလစာ အနည်းဆုံး အခကြေးငွေ (၂၀,၀၀၀)ကျပ် ပေးရန်၊ (၂) လုပ်ငန်းခွင်အတွင်း လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်နှင့် ဘေးကင်းလုံခြုံသော အစီအမံများ လုပ်ဆောင်ပေးရန်၊ (၃)အတင်းအဓ္ဓမ အလုပ်ခိုင်းစေမှုများ (ဆန္ဒမပါဘဲ အတင်းအကြပ် အချိန်ပိုခိုင်းစေမှုများ) အား ချက်ချင်း ရပ်တန့်ရန်၊ (၄) အမျိုးသမီး အလုပ်သမများအတွက် လစဉ်သုံးဂွမ်းထုပ်များ လုပ်ငန်းခွင်တွင် အခမဲ့ ထားရှိပေးရန် နှင့် အလုပ်သမများ ကိုယ်ဝန်ဆောင်စဉ်နှင့် ရာသီသွေးလာစဉ် စံချိန်သတ်မှတ်ချက်များဖြင့် မခိုင်းစေရန်၊ (၅) အလုပ်သမားများအား ကိုယ်စားမပြုသည့် အတုအယောင် အလုပ်သမားအဖွဲ့အစည်းများ (Yellow Unions) ဖွဲ့စည်းခြင်း မလုပ်ရန်နှင့် အလုပ်သမား သမဂ္ဂများအား အာဏာရှင် လက်ကိုင်တုတ် အလုပ်သမားဝန်ကြီးဌာနတွင် အဓမ္မ ဖိအားပေး မှတ်ပုံတင်ခိုင်းခြင်း၊ အလုပ်သမား ခေါင်းဆောင်များ၏ ကိုယ်ရေး အချက်အလက်များ ယူခြင်းအား ရပ်တန့်ရန်တို့ ဖြစ်သည်။
ယင်းအပြင် အလုပ်သမားများ၏ လုပ်အားကို စက်ရုံ၊ အလုပ်ရုံများထံ အငှါးချ ခေါင်းပုံဖြတ် စေခိုင်းခြင်းမှ အမြတ်အစွန်း အများဆုံး ရရှိနေသော နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များနှင့် ပတ်သက်၍လည်း (၁) သင်တို့၏ ထုတ်လုပ်ရေးအော်ဒါကို ထုတ်လုပ်နေရသော တိုက်ရိုက် (သို့မဟုတ်) တဆင့်ခံ ထုတ်လုပ်ရေး စက်ရုံအလုပ်ရုံများ၏ လုပ်ငန်းရှင်များမှ လုပ်ငန်းခွင် ချိုးဖောက်မှုများအပေါ် ထိထိရောက်ရောက် တာဝန်ယူ၊ တာဝန်ခံမှု လုပ်ဆောင်ရန်၊ (၂) အလုပ်သမားများအား (အချိန်ပို အလုပ်မပါ)တနေ့ အလုပ်ချိန် ၈ နာရီအတွက် ဖူလုံသောလုပ်ခလစာ အနည်းဆုံး အခကြေးငွေ (၂၀,၀၀၀)ကျပ် ပေးရန် လုပ်ငန်းရှင်များနှင့် ပူးပေါင်းတာဝန်ယူပေးရန် နှင့် တောင်းဆိုချက်များအား အပြည့်အဝရရှိအောင် လက်တွေ့ကျ လုပ်ဆောင်မှုဖြင့် တာဝန်ခံရန် စသည့် အချက်(၂)ချက်ဖြင့် တောင်းဆိုထားသည်။
ဆက်လက်၍ နိုင်ငံတကာ အလုပ်သမား၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများနှင့် ပတ်သက်၍လည်း အချက်(၃)ချက်ဖြင့် တောင်းဆိုထားသည်။
အဆိုပါ တောင်းဆိုချက်များမှာ (၁) စက်မှုဇုန်အလုပ်သမားများအား အဓမ္မစစ်မှုထမ်းစာရင်းသွင်း ပေါ်တာဆွဲခြင်းနှင့် နေရပ်ပြန် ရွှေပြောင်းအလုပ်သမားများအား အဓမ္မစစ်မှုထမ်း ခိုင်းစေခြင်းများအား ရပ်တန့်ရေး စစ်အာဏာရှင်အား ဖိအားပေးရန်၊ (၂) ပြည်တွင်းပြည်ပ ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် အလုပ်သမားများ ကိုယ်တိုင် ဦးဆောင်သည့် လွတ်လပ်သော အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်ရှိရေး နှင့် သက်ဆိုင်ရာအလုပ်သမားဥပဒေများနှင့်အညီ ဘေးကင်းစွာ အလုပ် လုပ်ခွင့်ရရှိရေး ပံ့ပိုးကူညီ လုပ်ဆောင်ပေးရန်၊ (၃) အာဏာဖီဆန်ခဲ့သည့် ပြည်သူ့ဝန်ထမ်းများအား ကူညီရေးနှင့် ပြည်သူ့ဝန်ထမ်းသမဂ္ဂများ အားကောင်းလာစေရေး ပံ့ပိုး ဝန်းရံပေးရန်တို့ ဖြစ်သည်။
မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Federation of General Workers Myanmar - FGWM)က အလုပ်သမားများ အားလုံးအတွက် အချက်(၁၀)ချက်ဖြင့် တောင်းဆိုထားပြီး တိုင်းပြည် ဒီမိုကရေစီ ရရှိရေးနှင့်လုပ်ငန်းခွင်အတွင်း အလုပ်သမားများ ကိုယ်တိုင် ဦးဆောင်သည့် အလုပ်သမားသမဂ္ဂများစုဖွဲ့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကတိပြုအပ်ထားသည်။