ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ရုရှားမှ စစ်သင်တန်း နည်းပြများကို ငွေကြေးအများအပြား ပေးပြီး ခေါ်ယူကာ ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်စစ်ရေးအထူးကွန်မန်ဒိုသင်တန်း၏ သင်တန်းဆင်းပွဲကို ၂၀၂၅ခုနှစ် မေလ(၁)ရက်နေ့တွင် ပြုလုပ်ကြောင်း သိရသည်။
သင်တန်းဆင်းပွဲကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ တပ်ရင်း(၄)၊ လေ့ကျင့်ရေးကွင်း(အောင်ဆုဗ္ဗေစခန်း)တွင် ပြုလုပ်ရာ PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည်ဟု သိရသည်။
သင်တန်းကို (၅)လနီးပါးကြာ ပို့ချခြင်းဖြစ်ပြီး သင်တန်းတွင် ထောက်လှမ်းရေးပညာ၊ ဒရုန်းအသုံးနည်း၊ လက်နက်ကြီးပစ်ခတ်မှုနှင့် အထူးတိုက်ခိုက်ရေးပညာများကို သင်ကြားပေးခြင်းဖြစ်ပြီး ယင်းသို့ သင်ကြားနိုင်ရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပအိုဝ်းတိုင်းရင်းသားပြည်သူများထံက ကားခွန်၊ အိမ်ခွန်၊ ဆိုင်ခွန် နှင့် အခွန်ခေါင်းစဉ် အမျိုးမျိုးတပ်ကာ အခွန်အခများကို မတရားကောက်ခံပြီး ရုရှားမှ စစ်သင်တန်းနည်းပြများကို ငွေကြေးမြောက်များစွာပေးပြီး ခေါ်ယူကာ သင်ကြားစေခြင်း ဖြစ်ကြောင်း ခမ်းသားငေါဝ်းသတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။
"ဒီသင်တန်းက သာမာန်လူ တက်ရောက်လို့ မရဘူး၊ အထူးစိစစ်ပြီး သွားခွင့်ရမှ သွားလို့ရတာ၊ ပအိုဝ်းလူငယ်တွေ ဒီသင်တန်းကို လိုလိုလားလား သွားကြတယ်၊ အထူးသဖြင့် ကျောက်တလုံးကြီးမြို့က လူငယ်တွေအများစုတက်ကြတယ်၊ ဒီသင်တန်း ဆင်းရင်တော့ အဲထောက်လှမ်းရေးဆိုတဲ့ဟာက တော်လှန်ရေးအင်အားစုဘက်က သတိထားရမယ့်ဟာဖြစ်လာလိမ့်မယ်”ဟု သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်ကို ခမ်းသားငေါဝ်းသတင်းဌာနက ဖော်ပြထားသည်။
ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၏ အထူးကွန်မင်ဒိုသင်တန်းအတွက် နိုင်ငံခြားမှ သင်တန်းနည်းပြဆရာများကို ဌားရမ်းပြီး ပို့ချခြင်းဖြစ်ကြောင်းကို PNO ဘက်ကလည်း အတည်ပြုထားသည်။
ပအိုဝ်းပြည်သူများသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေနှင့် စစ်အသုံးစရိတ်ကို ပေးဆောင်နေရသည့်အပြင် PNO ပြည်သူ့စစ်က ခေါ်ယူသည့် ပြည်သူ့စစ်နှင့် စစ်အသုံးစရိတ်ကိုလည်း ပေးဆောင်နေရကြောင်း ခမ်းသားငေါဝ်းသတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။
အာဏာသိမ်းစစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုလိုက်သည်နှင့် တပြိုက်နက် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း တပ်ဖွဲ့ဝင်သစ် စုဆောင်းခြင်းများကို အတင်းအဓမ္မလုပ်ဆောင်လာသလို စစ်သင်တန်းများကို ပေးပြီး အင်အားပြခြင်းများပါ သိသိသာသာ လုပ်ဆောင်နေပြီး စစ်ကောင်စီကို တော်လှန်နေသည့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ရာတွင်လည်း စစ်ကောင်စီတပ်နှင့်အတူ ပါဝင်ကာ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။