တာချီလိတ်မြို့တွင် တစ်ပါးသူ၏ အမည်နှင့်ပုံ အသုံးပြုကာ Viber ကနေ အယောင်ဆောင်ပြီး ငွေကြေးလိမ်လည်သည့် ဖြစ်စဉ်များစွာ ကြုံနေရ

တာချီလိတ်မြို့တွင် တစ်ပါးသူ၏ အမည်နှင့်ပုံ အသုံးပြုကာ Viber ကနေ အယောင်ဆောင်ပြီး ငွေကြေးလိမ်လည်သည့် ဖြစ်စဉ်များစွာ ကြုံနေရ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် အသိမိတ်ဆွေများအကြား အယောင်ဆောင်ပြီး Viber ကနေ ငွေကြေးလိမ်လည်ကာ KBZ Pay ထဲသို့ လွှဲခိုင်းသည့် လိမ်လည်မှုများစွာ ဖြစ်ပေါ်နေပြီး အယုံလွယ်၍ ငွေလိမ်ခံရသူ အများအပြားရှိနေကြောင်း သိရသည်။

"တာချီလိတ်မြို့မှာ ဖြစ်နေတာ သိရသလောက်ဆိုရင် (၇)လလောက်ရှိပြီဗျ၊ မနေ့ကလည်း ထပ်လိမ်တာကို တွေ့ရတယ်။  လိမ်လိုက်ရင်လည်း သူတို့ကို သူတို့ ဘယ်သူပါ ဘာညာဆိုပြီး သူများပုံတွေကို တင်ပြီးတော့ လိမ်တာ။ လိမ်တဲ့အခါမှာလည်း သူတို့အနေနဲ့ ငွေကြေးပြေလည်သူရဲ့ ပုံကို တင်ပြီး လိမ်တာဆိုတော့ တဖက်ကလည်း ယုံကြည်ပြီး တကယ်ထင်ကြတာ။ အဓိက ကတော့ ငွေအရေးပေါ်လိုလို့ Kpay ထဲ ထည့်ပေးပါဆိုပြီး လိမ်တာ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ၂၀၂၅ခုနှစ် မေလ(၁)ရက်နေ့တွင် ပြောသည်။

Viber ကနေ ငွေကြေးလိမ်လည်သူများသည် တာချီလိတ်မြို့တွင် ငွေကြေး သုံးနိုင် စွဲနိုင်သူများအကြားထဲမှ ပတ်လိမ်လည်နေခြင်းဖြစ်ပြီး လိမ်သည့်အခါမှာလည်း ငွေကြေးရှိသူ၏ ပုံများကို Profile ပုံတင်၍ ပိပိရိရိ လိမ်လည်သည့်အတွက် ငွေကြေး ပါသွားသည်အထိ ရှိနေကြောင်း သိရသည်။

"သူတို့ အမြဲစောင့်ကြည့်နေပုံရတယ်။ တာချီလိတ်မြို့မှာက နယ်ခံအချို့ အပေါင်းအသင်းတွေ အုပ်စုလိုက် နေကြတာများတယ်။ သွားအတူ လာအတူနေတာမျိုး။ ပြီးတော့ Facebook ပေါ်မှာလည်း အုပ်စုပုံတွေ တင်ထားကြတော့ ဘယ်သူက ငွေရှိပြီး ဘယ်လို အသွင်ယူ လိမ်လို့ ရမလဲဆိုတာကို သိနေတဲ့သဘောလို့ ထင်တယ်။ အသိတစ်ယောက်ဆို တဖက်က လာလိမ်သူက တာချီလိတ်က သူဌေးမ တစ်ဦးရဲ့ နာမည်နဲ့ပုံကို သုံးထားတာဆိုတော့ ဟိုကလည်း တကယ်ထင်ပြီး Kpay ကနေ ငွေလွှဲပေးလိုက်တာ ကျပ်သိန်း(၂၀)ပါသွားဖူးတယ်"ဟု ငွေကြေးလိမ်ခံရသူနှင့် နီးစပ်သူ တစ်ဦးက ပြောပြသည်။

အများအားဖြင့် Viber ကနေ လိမ်လည်သူများမှာ ခရီးသွားရင်း ငွေအရေးတကြီးလို၍ ဘတ်ပေးမည် ကျပ်အရင်လွှဲပေးရန် နှင့် Kpay ကနေ ကျပ်ငွေ လွှဲပြီးပါက အိမ်က တစ်ဦးဦးဖြင့် ငွေလာပို့ခိုင်းမည်ဖြစ်ကြောင်း  ပြောဆို လိမ်လည်ခြင်း ဖြစ်သည်ဟု သိရသည်။

"ဟုတ်တယ်ဗျ တာချီလိတ်မှာ Viber ကနေ လိမ်တာအတော်များနေတယ်။ လိမ်တဲ့သူက များသောအားဖြင့် သူတို့ကိုယ်သူတို့ တာချီလိတ်က ယုံကြည်ရတဲ့ လူအဖြစ် အယောင်ဆောင်တာများတယ်။ ဥပမာ တာချီလိတ်မှာ လူမှုရေးအလုပ် လုပ်သူတွေတို့ ငွေရှိသူတွေ လူသိများသူတွေလိုမျိုး အယောင်ဆောင်တာ။ အဲ့လို အယောင်ဆောင် လိမ်တော့ လိမ်ခံရမဲ့သူကလည်း တကယ်ယုံကြည်ကြတာ။ ဘာလို့ဆို လိမ်တဲ့သူက နာမည်ပျက်မရှိထားသူကိုမှ ရွေးပြီး အသုံးချတာ။ သဘောကဗျာ တာချီလိတ်မှာ လူသိများပြီး နာမည်ပျက်မရှိသူ ငွေကြေးရှိသူ အနေနဲ့ အယောင်ဆောင်တာပေါ့"ဟု နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

Viber ကနေ လိမ်လည်မှုကြောင့် အနည်းဆုံး ကျပ်(၅)သိန်းမှ ကျပ်သိန်း(၅၀)အထိ အလိမ်ခံရသည့် ဖြစ်စဉ်များစွာရှိနေပြီး လိမ်သည့်အခါမှာလည်း ဖုန်းနံပါတ်တစ်ခုတည်းကို အသုံးချပြီး လိမ်သလို လူသိများလာပါကလည်း အခြားဖုန်းနံပါတ်များဖြင့် လိမ်လည်သည်ဟု သိရသည်။

ယင်းသို့ Viber နှင့် Facebook စသည့် လူမှုကွန်ရက်ကနေ ငွေကြေးလိမ်လည်သည်ဟု သံသယရှိပါက ငွေများကို အလွယ်တကူ မလွယ်စေဘဲ Video Call ခိုင်းပြီး ရုပ်မြင်ရမှ တကယ်မှန်ကန်ကြောင်း အတည်ပြုပြီးမှ လွှဲသင့်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက အကြံပြုသည်။

"ဒီလို ဖြစ်စဉ်က တာချီလိတ်တမြို့တည်းတော့ မဟုတ်ဘူး ကျွန်တော်တို့ ရန်ကုန် နဲ့ မန္တလေးအပါအဝင် မြို့တိုင်းမှာ ကြုံနေကြရတာ။ အခုနောက်ပိုင်း Viber တွေ Facebook ကနေ ငွေကြေးလိမ်လည်မှုတွေ များလာတယ်။ တစ်ဖက်ကလည်း ယုံလောက်အောင် ပြောဆိုပြီး လိမ်ကြတာပေါ့။ အဲ့တော့ အားနာစိတ်နဲ့အတူ အယုံလွယ်ပြီး ငွေလွှဲပေးလိုက်ကြတော့ လိမ်ခံရတာတွေဖြစ်လာတယ်။ ဒီလို ခေတ်မီလာတဲ့ ကာလမှာ အွန်လိုင်းပေါ်မှာ ငွေကြေးနဲ့ပတ်သက်ရင် အယုံမလွယ်ဖို့ အရမ်းအရေးကြီးပါတယ်။ အဲ့တော့ တဖက်ကို သံသယရှိတယ်။ လိမ်တယ်လို့ ယူဆရတယ်။ သေချာချင်တယ်ဆိုရင်တော့ အကောင်းဆုံး လုပ်သင့်တာက Video Call လာပါလို့ ပြောလိုက်တာ အကောင်းဆုံးပဲ။ Video Call ဖို့ကို အကြောင်းအမျိုးမျိုးပြတယ်ဆိုရင်တော့ ဒါဟာ လိမ်လည်ဖို့ဆိုတာ သေချာသွားပြီ။ အဲ့ဒီနည်းက လိမ်လည်မှုကို အလွယ်ကူဆုံး ရှောင်နိုင်တဲ့ နည်းပါ။ အဲ့လို မစမ်းသပ်ပဲ လိမ်ခံလိုက်ရရင်တော့ ဘယ်သူမှ မကယ်နိုင်ပါဘူး"ဟု ရန်ကုန်မြို့နေ တရားလွတ်တော်ရှေ့နေ တစ်ဦးက အကြံပြု ပြောဆိုသည်။

Viber ကနေ ထိုင်းဘတ် နှင့် ကျပ်ငွေ လဲလှယ်ပေးရန် ငွေကြေးလိမ်လည်နေသည့် ဖြစ်စဉ်များမှာ တာချီလိတ်မြို့အပြင် ကျိုင်းတုံ၊ တောင်ကြီး တို့တွင်လည်း ကြုံတွေ့ရသည်များ ရှိနေပြီး အများအားဖြင့် ထိုင်းဘတ်ငွေ အသုံးပြုနေသည့် တာချီလိတ်မြို့တွင် ကြုံတွေ့ရကြောင်း သိရသည်။