မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် လိုင်စင်မဲ့ကားများကို နေရာကွက်ကျား ဖမ်းဆီးမှုအဖြစ် KK Car Service မှ လိုင်စင်မဲ့ မော်တော်ယာဉ်(၁၀)စီးကျော်ကို ဖမ်းဆီး သိမ်းဆည်းလိုက်ကြောင်း သိရသည်။
စစ်ဗျူဟာနှင့်စရဖ အပါအဝင် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၂၅ခုနှစ် မေလ(၂)ရက်နေ့က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်အပိုင်း ပုံလို့လမ်းရှိ KK Car Service ဝန်းအတွင်း ဝင်ရောက် စီးနင်းရှာဖွေရာမှ လိုင်စင်မဲ့ ကား(၁၂)စီးကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်သည်ဟု သိရသည်။
Toyota Vigo အမျိုးအစားထဲမှ ခဲရောင်(၁)စီး၊ အဖြူရောင်(၁)စီး နှင့် အနက်ရောင်(၁)စီး စုစုပေါင်း (၃)စီး၊ Lexus 460 အမျိုးအစားထဲမှ အဖြူရောင်(၁)စီး နှင့် အနက်ရောင် (၁)စီး စုစုပေါင်း (၂)တို့ တွေ့ရှိသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် Toyota Alphard အမျိုးအစား ထဲမှ အဖြူရောင်(၁)စီး နှင့် အနက်ရောင်(၁)စီး စုစုပေါင်း (၂)စီး၊ Honda CRV အဖြူရောင်(၁)စီး၊ Toyota Fortuner
အနက်ရောင်(၁)စီး၊ Toyota Revo ခဲရောင်(၁)စီး၊ Toyota Crown အနက်ရောင်(၁)စီး နှင့် Toyota Tacoma အဖြူရောင်(၁)စီး စုစုပေါင်း (၇)စီး ကိုလည်း သိမ်းဆည်းရမိရာ ကားမျိုးစုံ စုစုပေါင်း (၁၂)စီးကို သိမ်းဆည်းလိုက်ကြောင်း သိရသည်။
"မနေ့က လိုင်စင်မဲ့ကား ဝင်ဖမ်းပြီး (၁၀)စီးကျော် သိမ်းသွားတယ်လို့ကြားတယ်။ လိုင်စင်မဲ့ကားတွေ အများကြီးရောင်းနေတဲ့ နေရာတွေအများကြီးထဲမှာမှ အဲ့တစ်နေရာတည်းကိုပဲ ရွေးဖမ်းတယ်လို့ ကြားတယ်ဗျ။ ဘာအပေးအယူ မတည့်လို့လဲတော့ မသိဘူး။ တာချီလိတ်ရဲ့ ထုံးစံက အပေးအယူ မတည့်တာမျိုးဆိုရင် ဖမ်းပြီး အပေးအယူ တည့်နေရင် မမြင်သလိုနေတာဆိုတော့လေ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ မေလ(၃)ရက်နေ့တွင် ပြောသည်။
လိုင်စင်မဲ့ကားများ သိမ်းဆည်းရရှိမှုနှင့် ပတ်သက်ပြီး လိုင်စင်မဲ့မော်တော်ယာဉ်များ၏ ပိုင်ရှင်ဖြစ်သူဟုဆိုသည့် ဦးအားချိန်အား ပို့ကုန် သွင်းကုန် ဥပဒေ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
လိုင်စင်ရှိ ကားဈေးနှုန်း ကြီးမားမှုကြောင့် လိုင်စင်ရှိ ကားများထက် လိုင်စင်မဲ့ကားများကိုသာ အဓိက အသုံးပြုနေရသည့် တာချီလိတ်မြို့တွင် လိုင်စင်မဲ့ကားများကို အရေးယူလိုပါက ကနဦးအနေဖြင့် တပ်ဘက်နှင့်ရဲတပ်ဖွဲ့ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများကို အရေးပြီးမှ ပြည်သူကို အရေးယူသင့်သည်ဟု ဆိုသည်။
"တကယ်တော့ တာချီလိတ်မှာ စစ်တပ် ဝင်ငွေဖြောင့်တဲ့ အရာရှိအချို့နဲ့ ရဲတွေ၊ ဝန်ထမ်းတွေအားလုံးနီးပါးလည်း လိုင်စင်မဲ့ ကားစီးနေကြတာပဲ။ သူတို့ စီးနေတဲ့ကားတွေမှာ လိုင်စင်ရှိတာ အရမ်းနည်းတယ်။ အဲ့တော့ လိုင်စင်မဲ့ကား အရေးယူချင်ရင် သူတို့တွေကို ထိထိရောက်ရောက် အရေးယူပြီးမှ ပြည်သူဘက်ကို ပြန်အရေးယူတာက မျှတမှုရှိနိုင်လိမ့်မယ်။ ဒါမှသာ မျှမျှတတ ဖြစ်မှာပေါ့"ဟု ၎င်းက ဆက်လက် ထောက်ပြပြောဆိုသည်။
တာချီလိတ်မြို့တွင် နေရာကွက်ကျား လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးမှုအဖြစ် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့က လိုင်စင်မဲ့ကား အစီး(၅၀)ဖမ်းဆီးပြီး အချို့ကားများကို စာရင်းဖျောက်ကာ ကိုယ်ကျိုးအတွက် အသုံးပြုခြင်းနှင့်အတူ လာဘ်ပေးလာဘ်ယူမှုများရှိခဲ့၍ နေပြည်တော်မှ စစစ ဒုညွှန်ချုပ်ကိုယ်တိုင်လာရောက် စစ်ဆေးခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့ပြီး ထိုစဉ်က ရှမ်းပြည်နယ်(ကျိုင်းတုံ)ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နှင့် ဒုရဲမှူး(၄)ဦးတို့ကို နေရာပြောင်းရွှေ့လိုက်သည့် အရေးယူမှုမျိုးအထိ ရှိခဲ့သည်။